
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးမျိုးညွန့်သည် ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့်၊ ဟင်္သာတခရိုင်တရားသူကြီး ဒေါ်အေးအေးခိုင်တို့ လိုက်ပါလျက် ဒီဇင်ဘာလ (၂၇) ရက်နေ့၊ နံနက်ပိုင်းတွင် ဟင်္သာတအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင် တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ သည် အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ နေထိုင်သည့် အဆောင်များနှင့် စားဖိုဆောင်၊ ဆေးပေးခန်း၊ စာကြည့်တိုက်တို့သို့ လှည့်လည်ကြည့်ရှုကာ ၎င်းတို့၏ ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ အစာအာဟာရ သင့်တင့်မျှတမှု ရှိ/မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေနှင့် အသက်မွေးဝမ်းကျောင်းအတတ်ပညာ သင်ကြားမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကျဉ်းထောင်ရှိ တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။