ပုသိမ်၊ နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်တရားရုံး နှင့် မြို့နယ်တရားရုံးမိသားစုများ၏ “(၁၆) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူပွဲ” ကို ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁၂) ရက်၊ (၇-၁၁-၂၀၂၆) ရက်နေ့ (စနေနေ့) နံနက် (၀၅:၃၀) နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိုးမိုးအေးနှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ဝန်ထမ်းများနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ပုသိမ်မြို့၊ ပုဂံကျောင်းသစ်ကျောင်းတိုက်တွင် ပုရိမဝါ မှ ထမြောက်တော်မူကြကုန်သော သံဃာတော် အရှင်သူမြတ်တို့အား ကထိန်လျာသင်္ကန်း၊ ပဒေသာပင်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီးနောက် ပုဂံကျောင်းသစ်ကျောင်းတိုက်ဆရာတော်က ကထိန်လျာသင်္ကန်း လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ အနုမောဒနာတရားဟောကြားချီးမြှင့်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းရာတွင် ပစ္စည်းနှင့်အလှူငွေ စုစုပေါင်း တန်ဖိုးမှာ (၁၀,၀၉၈,၆၀၀)ကျပ် ဖြစ်သည်။

