ပုသိမ်၊ ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၌ ၁-၈-၂၀၂၂ရက်နေ့တွင် စတင်အကောင် အထည်ဖော်မည့် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဥ်း၍ မိတ်ဆက် ရှင်းလင်းသည့်အခမ်းအနားအား ၂၈-၇-၂၀၂၂ရက်နေ့ နေ့လည် (၁၃:၀၀)နာရီ၌ ဧရာရွှေဝါခန်းမ တွင်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဦးဝင်းမြင့်က တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
စေ့စပ်ဖြေရှင်းရေးဌာနတာဝန်ခံ ဒေါ်မာမာစိုးရင်မှ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး အစီအစဉ်ကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများမှသိရှိလိုသည့် မေးမြန်းချက်များကို စေ့စပ်ဖြေရှင်းရေးအရာရှိ ဒေါ်သီတာမျိုးသန့်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့်တရားရေးအရာရှိများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဥပဒေ အရာရှိများ၊ ခရိုင်တရားသူကြီးများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရှေ့နေများ စုစုပေါင်း (၄၀)ဦး ခန့် တက်ရောက်ခဲ့ပါသည်။