လပွတ္တာ မေ ၂၂
ပြည်ထောင်စုတရားသူကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တည်ဆောက်ခဲ့သည့် ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တရားရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ၂၁.၅.၂၀၂၃ ရက်နေ့ နံနက်ပိုင်းက လပွတ္တာမြို့နယ်၊ (၃) မိုင်မြို့၊ (၁) ရပ်ကွက်၊ ထင်းရှူးမြိုင်လမ်း နှင့် ပိတောက်လမ်းထောင့်ရှိ အဆိုပါရုံးနေရာ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဦးဝင်းမြင့် နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့နယ်တရားရုံးဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် အမှတ်တရစုပေါင်း မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကြပါသည်။
ဆက်လက်၍ ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ Royal Ayar Creative & Construction Co., Ltd ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အဆောက်အအုံနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး အဆောက်အအုံနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများကို တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ထွေးထွေးထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဧည့်သည်တော်များထံ အထိမ်းအမှတ်ပစ္စည်း နှင့် အထိမ်းအမှတ်အလံငယ်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဧည်သည်တော် များက အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုကြပါသည်။
လပွတ္တာမြို့နယ်တရားရုံး၊ ပင်မရုံးအဆောက်အအုံသစ်မှာ အလျား ၁၈၀ ပေ အနံ ၇၀ ပေ အကျယ်အဝန်းရှိပြီး သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ်အဆောက်အအုံဖြစ်၍ တရားရုံးအသုံးပြုသူ ပြည်သူများအနေဖြင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပါသည်။