ပုသိမ်၊ ဇွန် ၁၂ ရက်
အစိုးရသစ်လက်ထက် ပထမရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်ချက်အနေဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ်၊ မဟာဗျူဟာလုပ်ငန်းအစီအစဉ်(၂၀၂၆)၊ မဟာဗျူဟာအစီအစဉ် ၅.၃.၁ အရ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ရည်ရွယ်၍ တရားရုံးက ဦးဆောင်သော စေ့စပ်ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်၊ နံနက် ၉း၀၀ နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိုးမိုးအေးက အဖွင့် အမှာစကားပြောကြားပြီး၊ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သွယ့်နှင်းအိဖေမှ “စေ့စပ်ဖြေရှင်းရေးနှင့် စပ်လျဉ်း၍ တရားရုံးက ကနဦး ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ”အား လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွယ်ဆိုင်းနူးက “စေ့စပ်ဖြေရှင်းရေးဌာနက ဆောင်ရွက်သည့် လုပ်ငန်းစဉ်များနှင့် တရားရုံးက ဆက်လက်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ” အားလည်းကောင်း၊ Power Point ဖြင့် ဆွေးနွေးတင်ပြပြီး၊ တက်ရောက်လာကြသည့် ဧည့်သည်များမှ သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဆွေးနွေးဖြေကြားခြင်းများ ပြုလုပ်သည်။
_1781240430.jpg)
အဆိုပါဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ ပုသိမ်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခများ၊ မြန်မာ့စီးပွားရေးဘဏ်မှ ဒုတိယတိုင်းမန်နေဂျာနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပုသိမ်ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားလွှတ်တော်ရှေ့နေများနှင့် အထက်တန်းရှေ့နေများ စုစုပေါင်း (၅၈)ဦး တက်ရောက်ကြသည်။


_1781240513.jpg)