သတင်းများ

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Post Image

ပုသိမ်၊ ဇူလိုင် ၂၃

                တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်း‌‌ရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်ရည်ရွယ်၍ တရားရုံးကဦးဆောင်သော စေ့စပ်ဖြေရှင်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀း၀၀ နာရီ အချိန်တွင် ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

            ဆွေးနွေးပွဲတွင် ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မမမျိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးများဖြစ်သော ဦးဉာဏ်လင်းထက်၊ ဒေါ်မိုးမိုးအောင်နှင့် ဒေါ်ရွယ်ဆိုင်းနူးတို့က စေ့စပ်ဖြေရှင်းရေး လုပ်ငန်းစဉ်များကို Power Point ဖြင့် ဆွေးနွေးတင်ပြပြီး၊ ဆွေးနွေးပွဲ တက်ရောက် လာသူများ၏ မေးမြန်းချက်များကို ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သွယ့်နှင်းအိဖေက ဆွေးနွေးဖြေကြားသည်။

               ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စန္ဒာကျော် နှင့် တရားရေးအရာရှိများ၊ ပုသိမ်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၄၃၉)ဦး  တက်ရောက်ကြသည်။

            ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်သည် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ်မဟာဗျူဟာ လုပ်ငန်းအစီအစဉ် (၂၀၂၆ ခုနှစ်)၏ လုပ်ငန်းစဉ်များအား အကောင် အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ယခုဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ