စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက်၊ ရာဇဓိရာဇ်လမ်း၊ ကွင်းအမှတ် ၁၆၊ ရုံးပေါင်းစုံအရှေ့၊ ဦးပိုင်အမှတ် ၁၆၂-က နှင့် ၂၇၀-က ရှိ အိမ်မဲမြို့နယ်တရားရုံးအဆောက်အအုံသစ် ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ၁-၉-၂၀၂၆ ရက်နေ့နံနက် ၉း၃၀ နာရီအချိန်က အဆိုပါ အဆောက်အအုံ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိုးမိုးအေးတက်ရောက်သည်။






အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိုးမိုးအေး၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စန္ဒာကျော်၊ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ မြောင်းမြခရိုင်တရားသူကြီး ဒေါ်မို့မို့အေး နှင့် Royal Ayar Creative & Construction Co., Ltd မန်နေဂျင်းဒါရိုက်တာ ဦးညီညီထွန်းတို့က သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကာ ရတနာပန္နက်တော်တင်ပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ Royal Ayar Creative & Construction Co., Ltd မှ တာဝန်ရှိသူက ယာယီရှင်းလင်းဆောင်တွင် အိမ်မဲမြို့နယ်တရားရုံးအဆောက်အအုံပုံစံငယ်နှင့်တစ်ကွ Construction Drawings ပုံစံများအား ရှင်းလင်းတင်ပြသည်။

အဆိုပါ အဆောက်အအုံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၇ (၅)နှစ်တာ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း၊ စတုတ္ထနှစ်လုပ်ငန်း အစီအစဉ် (၂၀၂၆) ၏ မဟာဗျူဟာလုပ်ငန်းနယ်ပယ်(၁)၊ မဟာဗျူဟာရည်မှန်းချက် ၁.၄၊ မဟာဗျူဟာ အစီအစဉ် ၁.၄.၁ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။
ယင်းအဆောက်အအုံသည် အလျားပေ ၁၀၀၊ အနံပေ ၉၀ ရှိ သံကူကွန်ကရစ် နှစ်ထပ်အဆောက်အအုံ ဖြစ်ပြီး Royal Ayar Creative & Construction Co., Ltd က တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်သည်။