
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးဦးဝင်းမြိုင်သည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်စန္ဒာကျော်၊ ပုသိမ်ခရိုင်တရားသူကြီး ဒေါ်သန္တာရှင်၊ ကျုံပျော်ခရိုင်တရားသူကြီး ဒေါ်ဖြူဖြူခိုင်တို့ လိုက်ပါလျက် စက်တင်ဘာလ (၈) ရက်နေ့၊ နံနက်ပိုင်းတွင် ပုသိမ်အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင်တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများနေထိုင်သည့် အဆောင်များနှင့် စားဖိုဆောင်၊ အကျဉ်းထောင်ဆေးရုံ၊ ရေသန့်စက်တို့သို့ လှည့်လည်ကြည့်ရှုကာ ၎င်းတို့၏ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်းသက်သာချောင်ချိမှု ရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ/မရှိ၊ ရေသန့်စက်ထားရှိမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်းအတတ်ပညာ သင်ကြားမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်ချက်များကို အကျဉ်းထောင်ရှိ တာဝန်ရှိသူများအား မှာကြားခဲ့သည်။


